Jan 17, 2024

တိတ်ဆိတ်သော သာယာမှု ရှိရာဆီ ခဏ...

 

Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is old there, older than the trees
Younger than the mountains, growin' like a breeze…..
Blue Ridge Mountains နဲ့ Shenandoah ဧရိယာက အကြီးကြီးမို့ ကျမတို့ သွားလေ့ရှိတဲ့ နေရာလေးကို ဘယ်လို ပြောပြရမယ်တောင်မသိပါဘူး.. ကျမတို့နေတဲ့ Maryland ကနေ West Virginia ဘက်ကို သွားမယ်ဆိုရင် West Virginia အစနားလောက်ဆီက Blue Ridge Mountains တွေဘက်ဆီ တိုးဝင်သွားရတာပါ၊ ကျမအတွက်ကတော့ ကျိုက်ထီးရိုးတောင်တက်ရတဲ့ ခံစားချက်ကို ပေးတဲ့ နေရာလေးပေါ့။ တောင်တန်းတွေရှိတဲ့ နေရာမှာ တောတောင်ကို သဘာဝအတိုင်း ထားထားတာမို့ လျှပ်စစ်မီးမရှိ.. ကားလမ်းမရှိ.. တောင်တက်လမ်းတွေကလည်း ပြုပြင်ထားတာမဟုတ်ဘဲ လူသွားဖို့လောက်သာ ရှင်းထားတဲ့ တောလမ်းလေးအတိုင်းသာ တောင်ပေါ်ကို တက်နိုင်ပါတယ်။ သဘာဝတောမို့ ညနေစောင်းလို့ မှောင်ပြီဆိုရင် ဘာမှမမြင်ရအောင် တကယ်မှောင်တာမျိုးမို့ ကျမတို့ အဲဒီနေရာလေးကိုသွားတိုင်း မနက်ပိုင်းပဲ အရောက်သွားပါတယ်။ ကားကို တောင်‌ခြေမှာ ရပ်ခဲ့ပြီး တောင်ပေါ်ကို ပစ္စည်းတွေ သယ်ရပါတယ်။
ကျမတို့ နေနေကျ cabin လေးက တောင်ခြေနဲ့ တမိုင်လောက်ပဲ ဝေးပါတယ်။ တောင်ခါးပန်းကနေ ပတ်တက်ဖို့ လူသွားလမ်းပြေပြေလေးရှိတာမို့ မပင်ပန်းလှပါဘူး။ ကျမတို့ အဓိက သယ်ရတဲ့ ပစ္စည်းတွေက အစားအသောက်.. အလင်းရောင်အတွက်လိုတာတွေ.. တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ နဲ့ အိပ်ရာတွေပါ။ အစားအသောက်ချက်ဖို့ မီးဖိုချောင်သုံး ပစ္စည်း.. ဂက်စ်မီးဖို.. အိုးခွက်တချို့နဲ့ ဇွန်း ပန်းကန် ကော်ဖီခွက် တွေကတော့ အဲ့မှာ ရှိပါတယ်၊ ဒါပေမဲ့ ဂက်စ်အိုးတော့ ယူသွားဖို့ လိုပါတယ်။ အေးတဲ့ရာသီဆိုရင် မီးလင်းဖိုအတွက် ထင်းလည်း သယ်ရပါတယ်။ အိပ်ဖို့အတွက် မွေ့ရာအပါးတွေနဲ့ စောင်တချို့အဆင်သင့်ရှိပေမဲ့ ကျမတို့က ကိုယ့်ဘာသာပဲ Sleeping Bag တွေ သယ်သွားပါတယ်။ ကျမ သားသမီးတွေက တောင်တက် လမ်းလျှောက်တာ သိပ်ကြိုက်ကြတာမို့ ခုလိုခရီးဟာ သူတို့အတွက် ဘယ်တော့မှ မငြီးငွေ့တဲ့ ခရီးပေါ့။


အိမ်ကလေးက အတွင်းမှာ ကျမတို့ မြန်မာပြည်က အိမ်တွေလို အခန်းပြည့် ထပ်ခိုးလေး ရှိပြီး ခေါင်အမြင့်မို့ လူ ၅ ယောက်စာ ချောင်ချောင်ချိချိ အိပ်လို့ရပါတယ်။ အောက်ထပ်မှာလည်း မီးလင်းဖိုနဲ့ နီးနီးမှာ တစ်ယောက်အိပ်စာ ကုတင် နှစ်လုံး ရှိပါသေးတယ်။ များသောအားဖြင့်တော့ ကျမတို့က ၃ ရက်လောက်ပဲ နေလေ့ရှိတာမို့ အဲဒီမှာစားဖို့ ကြိုချက်ပြီး ယူသွားပါတယ်။ အဲဒီရောက်ရင် နွှေးစားရုံ အစားအသောက်တွေပေါ့။ အမြဲပါလေ့ရှိတာက ချဉ်ပေါင်ကြော်.. ကြက်ဟင်းခါးသီးကြော်.. အမဲကြော်.. ငါးခြောက်ဖုတ်.. ဆိတ်သားခြောက်ဖုတ်.. ဝက်နံရိုးကင်.. ကြက်သားကင်.. အမဲသားကင်.. ကောက်ညှင်းငချိတ်ပေါင်း.. ဆီထမင်း.. ပဲပြုတ်.. လဘက်သုပ်.. ဂျင်းသုပ်.. မုန့်ဟင်းခါးထုပ်.. ရခိုင်မုန့်တီထုပ်.. ဆီချက်ခေါက်ဆွဲထုပ် နဲ့ ဟင်းချိုလုပ်ဖို့ အရိုးတွေ (ကြက်/ဝက်).. ဟင်းသီးဟင်းရွက်တွေ.. အသီးအနှံတွေ.. သံပုရာသီး.. ဆီ.. ငံပြာရည်.. ကြက်သွန်ဖြူ/နီ ရပြီ။ ရေခဲပုံး ၂ပုံးဆို အစုံပါပြီ။


အဲဒီမှာဆို အစားအသောက်ပြင်ဖို့ အချိန်များများမပေးချင်ပါဘူး၊ တောင်တက် လမ်းလျှောက်ဖို့ .. စမ်းချောင်းဘေးထိုင်ပြီး စိတ်အပန်းဖြေဖို့ နဲ့ ဝရံတာလေးမှာထိုင်ပြီး ငှက်တွေနဲ့ အကောင်ပလောင်လေးတွေကို ကြည့်ဖို့ပဲ အချိန်များများပေးချင်လို့ပါ။
ခုတခါက ဆောင်းတွင်းသွားတာမို့ ညနေ ၄ နာရီဆို သစ်သားအိမ်လေးထဲမှာ မှောင်ပြီ။ မီးလင်းဖိုမှာ မီးထည့်.. အိမ်ထဲမှာ ဖယောင်းတိုင် နဲ့ ဘက်ထရီသုံး မီးသီးလေးတွေ စထွန်းပြီး အပြင်ဘက် သစ်ပင်တွေကြားက နေဝင်ချိန်ကို ကြည့်မယ်.. ည မှောင်ရင်တော့ အိမ်ထဲ ဖဲကစားရင် ကစား.. ဂစ်တာတီးသီချင်းဆိုချင်ဆို.. မီးအိမ်လေးနဲ့ စာဖတ်ရင်ဖတ်.. လဘက်သုပ် ဂျင်းသုပ်စားပြီး စကားတွေထိုင်ပြော။ သေချာတာက တီဗီမကြည့် ဖုန်းမကြည့်မို့ WiFi မရှိမို့ သိပ်အရသာရှိတဲ့ သဘာဝကျကျ လွတ်လပ်မှုတမျိုးကို ရစေပါတယ်။


ညအိပ်ချိန်ကတေ့ ကျမ သဘောအကျဆုံးပါ။ Cabin တွေ တလုံးနဲ့ တလုံးက မိုင်ဝက်လောက် ဝေးတာမို့ ဘာမှမမြင်ရ မကြားရ အမှောင်ထဲ .. မီးလင်းဖိုက အလင်းပဲ ရှိတဲ့ အိမ်ထဲ အပြင်အမှောင်ထုရဲ့ ငြိမ်သက်မှု နဲ့ တောတောင်သံ.. စမ်းရေစီးသံ .. သစ်ရွက်လေတိုးသံ.. မီးလင်းဖိုဆီက ထင်းမီးလောင်သံ တဖျစ်ဖျစ်.. အဲလိုညမှာ တော်တော် နဲ့ အိပ်မပျော်လည်း စိတ်မညစ်ဘဲ သာယာ.. တရားလည်း မမှတ်ချင်.. သဘာဝအသံတွေကိုပဲ နာခံလို့.. တောတောင်အမှောင်ရဲ့ တိတ်ဆိတ်သံထဲ မွေ့လျော်လို့ The sound of silence ကိုပဲ သတိတရ။
Hello darkness, my old friend
I've come to talk with you again
Because a vision softly creeping
Left its seeds while I was sleeping
And the vision that was planted in my brain
Still remains
Within the sound of silence
And touched the sound of silence…


မနက်ဆို အရုဏ်မပျို့ခင်ကတည်းက ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာသံနဲ့ နိုးရပြီ.. သစ်ပင်တွေကြားက ရောင်နီကို ငေးနိုင်ပြီ.. ထပ်ခိုးအိပ်ရာပေါ်က မြင်နေတဲ့ မှန်ပြတင်းက ခပ်ကျယ်ကျယ်မို့ ရောင်နီလာတာကို အိမ်အပြင်က ဆောင်းအေးအေးထဲ ထွက်စရာမလိုဘဲ သေချာ မြင်ရတာ ကျေနပ်စရာပဲ.. မနေ့တနေ့ကအထိ ဖိစီးခဲ့သမျှတွေကို လုံးဝမတွေး.. အားရပါးရတောင် ပြုံးလိုက်သေး.. ကဲ.. ဒါနဲ့ပဲ သဘာဝထဲက မနက်ခင်းဟာ အလိုလို မင်္ဂလာ ရှိပါပေါ့။
+++++
ကျမတို့မိသားစုကသာ အဲလိုပျော်ပေမဲ့ တချို့ကတော့ တရက်တောင် မနေနိုင်ပါဘူး.. ဘာလို့လဲဆိုတော့ အိမ်သာနဲ့ ရေချိုးခန်းက အိမ်ကလေး နဲ့ ခပ်လှမ်းလှမ်းမှာမို့။ ပြီးတော့ သုံးရေ ချိုးရေကို ကိုယ့်ဘာသာ စမ်းချောင်းလေးကနေ သယ်ရ.. အိမ်သာကလည်း သဘာဝတွင်းအိမ်သာ (ဒါပေမဲ့ တွင်းနက်နက်တူးထားတဲ့အပြင် အိမ်သာသုံးပြီးရင် ရေပေါ်စာမှုန့် နဲ့ ဝါးဖတ်စလေးတွေ ဖြူးရတာမို့ ဘာအနံ့အသက်မှ မရှိ).. တောင်စောင်းမှာမို့ လေအေးတဖြူးဖြူး... ကျမတို့မိသားစုကတော့ဖြင့် သဘောတွေကျ။


ပြောရရင် ကျမအတွက်ကတော့ သာယာပြည့်စုံမှုဆိုတာက ပစ္စည်းဥစ္စာချမ်းသာမှုမဟုတ်၊ သဘာဝနဲ့ နီးနီးမှာ စိတ်လက်ပေါ့ပါးနေခွင့်ရချိန်လေးပါပဲလို့။

ဇန်နဝါရီ (၁၃-၁၅) အမှတ်တရ















Jul 29, 2023

လန်ဒန်

လန်ဒန်ကို နာမည်ကစပြီး ရင်ခုန်တာ.. ကျောင်းမှာ ကင်းဝန်မင်းကြီး လန်ဒန်သွားမှတ်တမ်း ဖတ်ရကတည်းက စခဲ့တယ်ထင်တာပဲ။

သေချာတာက ကြည်အေးရဲ့ မောင် ကိုကို နဲ့ မြနန္ဒာ မှာ ပိုငြိတာ...

ကိုယ်နေတဲ့ ဝါရှင်တန်ဒီစီကို ကြီးကျယ်သေသပ်လှပတယ်လို့ ပြောရရင် .. လန်ဒန်ကိုတော့ ခမ်းနားထည်ဝါဟိတ်ဟန်ကြီးတယ်လို့ ပြောရမယ်။

ဝါရှင်တန်ဒီစီကို သူငယ်ချင်းကဗျာဆရာ အောင်သူငြိမ်းက .... လူဖြူလူသေတွေရဲ့ မြို့တော်လို့ သူ့ကဗျာတပုဒ်ထဲ ရေးဖူးတယ်။ သေသွားကြသူတွေရဲ့ ရုပ်တုတွေ နေရာအနှံ့တွေ့ရတဲ့ မြို့ကိုး။ဒီစီက သူ့ဧည့်သည်တွေကို ပြတိုက်တွေ အိမ်ဖြူတော်နဲ့ လွတ်လပ်ရေးကျောက်တိုင်.. စတာတွေနဲ့ ဖမ်းစားနိုင်တယ်ဆိုရင် .. လန်ဒန်ကတော့ ပြုံးနေမှာပဲ ထင်တယ်။

ကျမအတွက် လန်ဒန်ဟာ နေရာတိုင်းမှာ အငွေ့အသက်တခုရှိတယ်.. ရှေးကျတဲ့ ဆိုင်းဘုတ်တွေ.. လမ်းတွေကစပြီး ခုကာလပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေ အငှားယာဉ်တွေအထိ လန်ဒန်ဟာ ခမ်းနားတယ်.. သူ့ကိုယ်ပိုင်ဟန်ပန် ရှိတယ်။

လန်ဒန်သူလန်ဒန်သားတွေဟာ သူတို့ရဲ့ အစဉ်အလာကြီးတဲ့ သမိုင်းကို ခုထိ တယုတယ ထွေးပိုက်ထားတုန်းဆိုတာ သိသာတယ်။ အသက် ၇၀ ဝန်းကျင် ဗြိတိသျှတွေရဲ့ မျက်နှာမှာ မာန်တမျိုးရှိနေတယ်လို့ ကျမ ခံစားရတယ်။ အနည်းဆုံးတော့ လူကြီးလူကောင်းဆန်ချင်စိတ်မာန်.. ဒါမှမဟုတ် လူမျိုူကြီးမာန်.. ရှိတယ်။ သာမန်အရပ်သားတွေမှာတောင် အဲလို မာန်အရိပ်အယောင်က သိသိသာသာရှိနေရင် တော်ဝင်မိသားစုတွေဆိုရင်တော့ ဘာပြောကောင်းမလဲပေါ့နော်။ ဘာကင်ဟမ်နန်းတော်ဝန်းကျင်မြင်ကွင်းဟာ အဲဒီ တော်ဝင်စိတ်ကို ပိုပေါ်လွင်စေတယ်ထင်မိတယ်။ ဟိုးရှေးတုန်းက အတိုင်း ဝတ်စားထားတဲ့ အစောင့်တပ်သားတွေနဲ့ .. ခမ်းနားထည်ဝါတဲ့ နန်းတော်တိုက်နဲ့ တောက်ပတဲ့ အပြင်အဆင်တွေနဲ့။ အုံ့အုံ့မှိုင်းမှိုင်း ဆန်တဲ့ အဆောက်အဦးတွေကတောင် ခရီးသွားတွေကို ခပ်နှိမ်နှိမ်ငုံ့ကြည့်နေသလိုမျိုး အငွေ့အသက်နဲ့။


နန်းတော်တဝိုက်မှာ လမ်းလျှောက်နေတုန်း သတိအရဆုံးက တော်ဝင်မိသားစုထဲက တော်လှန်သူလေးကိုပဲ။ ဒိုင်ယာနာကို တော်ဝင် မဆန်ချင်ရကောင်းလားလို့ အပြစ်တင်ချင်တဲ့သူတွေ ရှိပေမဲ့ ကျမကတော့ ဦးညွှတ်တယ်.. Shy Di ဟာ ခေတ်စနစ်အရ အသုံးမတည့်တော့တဲ့.. ခွဲခြားဆက်ဆံမှုဆန်တဲ့ အခွင့်ထူးခံလူတန်းစားဉာဉ်ကို တော်လှန်လိုသူလို့ ကျမက မြင်တယ်။ သူ့ကို ချစ်တယ်.. သနားတယ်.. နားလည်တယ် .. သူဟာ အဆိပ်အတောက် မဟုတ်။

+++++

လန်ဒန်ရဲ့ ဒီဇင်ဘာက မိုးလည်းရွာသေးတယ်။ အဲဒါကြောင့် လန်ဒန်ပိုဆန်သွားတာလည်း ဖြစ်မယ်။ ထီးကုတ်ကုတ်မည်းမည်းကြီးတွေ ဆောင်းထားတဲ့ အသက်ကြီးပိုင်း လန်ဒန်သူ လန်ဒန်သားတွေဟာ ရှားလော့ဟုမ်းဝတ္ထုတွေထဲ ခုန်ထွက်လာသလို ဂဝံခင်းလမ်းတွေပေါ်မှာ... လန်ဒန်မှာ ညက ပိုမှောင်တယ်.. ဂန္ဓဝင်မြို့တော်မို့ ဂန္ဓဝင်ဆန်ဆန် နီကျင်ကျင် နီယွန်မီးတွေသာ ထွန်းညှိတယ်။ ဒါပေမဲ့ ခေတ်နဲ့အမီလိုက်တဲ့ ထွန်းကားမှုအရာမှာတော့လည်း မလျော့တဲ့ မြို့ပါ။ ဂန္ဓဝင် နဲ့ ခေတ်ပေါ်တိုးတက်မှုကို တွဲပြီး ခင်းကျင်းထားတာကတော့ အစောကြီးကတည်းက နေမဝင်အင်ပါယာထူထောင်ခဲ့တဲ့ လူမျိုးတမျိုးရဲ့ ဗီဇ ဉာဏ်ရည်မြင့်မားမှုကို ပြနေတာပဲ မဟုတ်လား.. ဒီတချက်ကလည်း ယူနိုက်တက်ကင်းဒမ်း ရယ်လို့ တည်မြဲတဲ့ သမိုင်းဖြစ်စေတဲ့အထဲက တချက်ပေါ့။

သမိုင်းဝင်အထင်ကရ အဆောက်အဦးတွေ ပြတိုက်တွေ တံတားတွေ ပန်းခြံတွေ .. ။ ရောက်လေရာနေရာတိုင်းမှာ သတိရတာက.. လွန်ခဲ့တဲ့ နှစ် တရာကျော်မှာ ကိုယ့်ထီးကိုယ့်နန်းနဲ့ အေးအေးဆေးဆေးနေလို့ရပါလျက်နဲ့ မိုင်ထောင်ချီဝေးတဲ့ နိုင်ငံတွေနဲ့.. ငါတို့ နိုင်ငံသေးသေးလေးကိုတောင် မချန် ကျူးကျော်ခဲ့တဲ့ လောဘရှိသူတွေရဲ့ ဌာနေပဲလို့ တွေးမိတာပဲ။ ဒါဟာ အာဃာတမဟုတ်.. ပုဂ္ဂိုလ်ရေးမှတ်ချက်တစ်ခုသာပါ။

လန်ဒန်ကအပြန်မှာ ဘာခံစားချက်ကျန်ခဲ့လဲဆိုရင် ... အောက်စ်ဖို့ ကအပြန် လမ်းမှာ တွေ့ခဲ့ရတဲ့ တိုက်ခန်းဟောင်းလေး။ ခရီးသွားလမ်းညွှန်က ပြတယ်.. ဒီအခန်းလေးမှာ ဂျွန်လင်နွန် နဲ့ ယိုကို Imagine တီးခဲ့ကြတာတဲ့။ ညနေဘက်ဆိုတော့ အခန်းလေးထဲ နည်းနည်းမှောင်... ပြတင်းပေါက်တွေ ကတော့ ခန်းစီးတွေကာမထားကြပါဘူး... အဖြူရောင် တိုက်ခန်းလေးထဲမှာ နံရံဖြူလေးတစ်ခု လှမ်းမြင်ရတယ်..  စန္ဒယားလေးရော ရှိသေးလားလို့ လမ်းညွှန်ကို မေးမကြည့် ဖြစ်ဘူး။ သူတို့နှစ်ယောက် ဒီအခန်းလေးမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အိပ်မက် မက်ခဲ့ကြတာ... ကျမအတွက်တော့ Imagine ဟာ ကမ္ဘာ့နိုင်ငံတော် သီချင်းပဲ..။ အဲဒီအခါ အဲဒီအခန်းလေးထဲ ဝင်ကြည့်ပြီး ဂျွန့်ကို မှန်းကြည့်ချင်တဲ့ လွမ်းစိတ်က လန်ဒန်က အပြန်မှာ ပါလာတယ်။ နောက်တခေါက်ပေါ့... ဂျွန်ရေ....

Mar 17, 2023

မိန်းမ

 


သူတို့ဟာ ရေသောက်မြစ်တွေပဲ…

သူ့ဆီကနေ
အကိုင်းအခက်တွေ အသီးအပွင့်တွေ ဝေဆာ
သူဟာ
အေးမြမြသန့်စင်လေအေးကိုလည်း ဖန်ဆင်း
သူရပ်တည်ရာ မြေကမ္ဘာ ခိုင်မာတည်မြဲဖို့လည်း
သူပဲတတ်နိုင်စွမ်း
သူ့ရဲ့ စိမ်းစိုလန်းဆန်းမှုနဲ့ လောကကိုလှပသာယာစေ..
သူဟာ
ခုတ်ထစ်ဖြတ်တောက်ခံရငြား
ကိုယ်ပိုင် အလှမပျက် ဂုဏ်ရည်တန်ဖိုးမပျက်စွာ
နောက်ထပ်အသက်ဓာတ်တမျိုးနဲ့ ဘဝဆက်နိုင်သူ
သူ တည်ရှိခြင်း မရှိခြင်းက
သိသာတဲ့ ခြားနားခြင်းနဲ့ အရာရာကို ပြောင်းလဲစေ..
သူဟာ
အခါများစွာမှာ အငတ်မွတ်အတောင့်တခံ
တခါတရံများမှာ အမေ့လျော့အပစ်ပယ်ခံ။
ဒါပေမဲ့လည်း သူ့ရဲ့ကြီးကျယ်ခမ်းနားမှုကတော့
လောကသစ္စာရပ်ဝန်းမှာ
အဖိုးအနဂ္ဃတန်…

 

မတ်လ- ကမ္ဘာ့အမျိုးသမီးအထိမ်းအမှတ်လ - အမှတ်တရ
ပန်းချီ- မိကျဲလိုင် (၂၀၁၅)

Apr 13, 2020

ကပ် ကြီး ပြီး သွား တဲ့အခါ


ကပ် ကြီး  ပြီး သွားတဲ့အခါ …
ကံကောင်းသူတွေက မြေကမ္ဘာကနေ ထွက်သွားနှင့်ခဲ့ကြပြီ။
သူတို့ ..
အငတ်ဘေး ၊ ရောဂါဘေး ၊ စစ်ဘေး ၊ ဥပဒေမဲ့ဘေး တွေကနေ
လွတ်မြောက်သွားခဲ့ကြပြီ။
ကိုယ့်ချစ်သူတွေကို ကိုယ့်ကို ချန်ထားခဲ့တဲ့
ကျန်ရစ်သူကြေကွဲမှုမျိုး သူတို့ မခံစားကြရတော့ဘူး။

ကပ် ကြီး  ပြီး သွားတဲ့အခါ …
ကံကောင်းသူတွေက မြေကမ္ဘာမှာ ဆက်နေခွင့်ရကြဦးမယ်။
သူတို့
ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ ပွေ့ဖက် ခရီးအတူဆက်နိုင်ကြမယ်..
ပန်းရောင်စုံတွေ လေပြေလေညှင်းတွေ ပျားပိတုန်းလိပ်ပြာ ကျေးငှက်သံသာတွေ ခံစားခွင့်ရကြဦးမယ်..
ဒီ ကပ် ကြီး ကို ကျော်ဖြတ်ဖို့ရာကလည်း …
ကံတရား နဲ့ မေတ္တာဓာတ်က လွဲလို့ အားကိုးရာ မရှိတဲ့နောက်…

ကပ် ကြီး ပြီး သွားတဲ့အခါ …
ကျန်နေခွင့်ရသူတွေ .. ကံဆုံခွင့်ရသူတွေ.. ပြန်လည် ပွေ့ဖက်ကြမယ်လေ။

Feb 15, 2020

အလွမ်း





မလွမ်းချင်ပါဘူး…
သဲဖြူလမ်းသွယ်လေးအဆုံး တောအုပ်သေးသေးလေးထဲက အချစ်လက်ဘက်ရည်ဆိုင်လေး..
တောင်ပိန္နဲပင်တွေအောက် အရိပ်ဖြိုးဖြိုးဖျောက်ဖျောက်တွေအောက်က စားသောက်ဆိုင်တန်းလေး..
ပတ္တလားသံပေါက်ပေါက် ဖောက်ဖောက်ထွက်လာတတ်တဲ့ အနုပညာခန်းလေး..
ချစ်စရာ ကဗျာစာအုပ်လေးတွေ ခင်းကျင်းထားတတ်တဲ့ အပန်းဖြေခန်းမထဲက စျေးဆိုင်တန်းလေး..
အလင်းပြိုးပြိုးပျောက်ပျောက် ရေတမာပင်ပျိုတွေအောက်က သိင်္ဂါရစုံတွဲလေးတွေ…
စာကြည့်တိုက်ရှေ့ ကံ့ကော်တောအုပ်ထဲက ရယ်သံချိုလွင်လွင်တွေ….
ငြင်းခုန်ကြ.. စိတ်ကောက်ကြ.. ပြန်ချစ်ကြတဲ့ သူငယ်ချင်းတွေ…
ဘယ်မှာလဲ.. ဘယ်မှာလဲ.. ဘယ်မှာလဲ…
အတွေးမှာပင် တရှိုက်ငင်ငင်ငိုကြွေးရ… ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ မြကျွန်းရဲ့ ရက်တွေ..။
အခုတော့ ကိုယ့်မြကျွန်းဟာ အရိပ်မျှပင် မကြွင်းကျန်တော့ ပြီ…
အဲဒီအခါ အလွမ်း၌ပင် ရင်နာကြေကွဲရသမို့ …….
မလွမ်းချင်တော့ပါဘူး မြကျွန်းသာ။

Nov 10, 2018

အချည်…

ပန်းတွေဟာ ရာသီမမှားပါဘူး။ အခါလွန်ပေမဲ့လည်း ပီပီသသ ပန်းဟာ လန်းဆန်းသင်းပျံ့ လေသင့်ရာ လွင့်တဲ့ ဝတ်မှုံဟာ လိပ်ပြာငေးသူ ဒီမှာ တိတ်တိတ်လေး… မွှေးမြနေပါတယ် တဲ့ စိတ်အမြုတေကဖြင့် ထုံကူးခဲ့ပြီ။